Android ဖုန်းတွေကို မြန်နှုန်းမြင့်စေမည့် နည်းလမ်း ၁၀ မျိုး


ဒီနေ့ခေတ်မှာ Android OS အသုံးပြုတဲ့ ဖုန်းတွေ၊ Tablet တွေဟာ အလွန်အင်မတန်ကို လူသုံးများလာပါတယ်။ ထို့နည်းတူ လွန်စွာလည်း အံ့သြဖွယ်ကောင်းလောက်အောင် နည်းပညာပိုင်းဆိုင်ရာအတွက် လူမှုဝန်းကျင်မှာ အသုံးဝင်လာတာကို တွေ့ရပါတယ်။ ဘယ်လိုပင်ဖြစ်စေ ပစ္စည်းတစ်ခုကို ၀ယ်ပြီးလို့ တစ်လ၊ နှစ်လ လောက် ကြာလာရင်တော့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အနည်းငယ်တော့ ကျဆင်းလာတတ်ပါတယ်။ ပစ္စည်းမှာ အင်မတန်ကောင်းတဲ့ Karboon A5 ပဲဖြစ်နေပါစေ၊ Galaxy S4 ပဲ ဖြစ်နေပါစေ အနည်းနဲ့ အများကတော့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ထွက်လာတတ်ပါတယ်။ အဲလို မဖြစ်ရလေအောင် ဒီနေရာမှာ ကျွန်တော် Android ဖုန်းတွေကို မြန်နှုန်းမြှင့်မယ့် နည်းလမ်း ၁၀ သွယ်ကို ဖော်ပြလိုက်ပါတယ်။ ဒီနည်းလမ်းတွေဟာ လုပ်ကိုင်ရ လွယ်ကူသလောက် ထိရောက်တဲ့ နည်းလမ်းတွေပါလို့ ပြောပါရစေ။


(၁) Home Screen ကို အမြဲတမ်း ရှင်းလင်းပေးပါ။
အသုံးပြုသူတော်တော်များများဟာ Live Wallpapers လိုမျိုး အသက်ဝင်နေတာကို တွေ့ရင် တော်တော် သဘောကျတတ်ကြပါတယ်။ ပြီးတော့ Widget တွေ တော်တော်များကို တင်ထားတတ်တာမျိုး တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအရာတွေက အသုံးပြုသူကို ပိုမိုဆွဲဆောင်နိုင်၊ အသုံးပြုရလွယ်ကူစေလို့ပါပဲ။ အသုံးပြုသူတော်တော်များများဟာ အဲဒီလိုမျိုး အသုံးပြုတာကို တွေ့ရပေမယ့် တချို့သော အထူးသဖြင့် Model နိမ့်တဲ့ ဖုန်းတွေကို သုံးတဲ့သူတွေကတော့ အဲဒီနည်းလမ်းကို ရှောင်ကြဉ်တတ်ကြပါတယ်။
ဒါကြောင့် Widget တွေများများ Home Screen တင်ထားတာဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ကျစေပါတယ်။ အမြဲတမ်း သတိရဖို့တစ်ခု Live Wallpapers တွေဟာ သင့်ရဲ့ ဖုန်းဘက်ထရီကို မြန်မြန်ကုန်စေတယ်ဆိုတာပါပဲ။

(၂) Startup Cleaner
ဖုန်းတစ်လုံးကို စတင်ဖွင့်လိုက်ပြီဆိုတာနဲ့ တော်တော်များများသော Application တွေ အလိုအလျောက် အလုပ်လုပ်တာကို တွေ့ရပါတယ်။ ဥပမာ - မူလ ဖုန်းက ပါလာတဲ့ Built-in Application တွေ၊ Telecommunication က Application တွေ စသည်ဖြင့် Application ပေါင်းများစွာဟာ ဖုန်းကို စဖွင့်တာနဲ့ အလိုအလျောက် ပွင့်လာပါတယ်။ ဒါပေမယ့် ဖုန်းက ပါလာတဲ့ Application တွေကတော့ ဖုန်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေဆိုတော့ တချို့ မလိုအပ်ဘဲ ပွင့်လာတဲ့ Application တွေကို ပိတ်ထားမယ်ဆိုရင်တော့ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်စေနိုင်ပါတယ်။
အဲဒီ Booting လုပ်တဲ့အချိန်မှာ ပွင့်လာတဲ့ မလိုအပ်တဲ့ Application တွေကို ပိတ်ပစ်ဖို့ အတွက် "Startup Cleaner 2.0" ဆိုတဲ့ Application ကို Install လုပ်ထားရပါမယ်။ ထည့်ပြီးပြီဆိုရင်တော့ Startup Cleaner ထဲက Batch Prevent Default ကိုနှိပ်ပါ။ အဲဒီထဲကမှ သင် မလိုအပ်တဲ့ Application တွေကို ပိတ်ပြစ်ပါ။ ဒီနေရာမှာ Google က မဖြစ်မနေလိုအပ်တဲ့ Application တွေကို ပိတ်ပစ်လို့ မရပါဘူး။ အဲဒါလေးတစ်ခုတော့ သတိထားစေချင်ပါတယ်။

(၃) ဖွင့်ထားတဲ့ Application တွေကို အမြဲသတိပြုပါ။
Android ဖုန်းတွေဟာ Multitasking Operating System ဖြစ်သလို Applications များစွာကို တပြိုင်တည်း ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါကို အသုံးပြုသူတော်တော်များများဟာ လွဲမှားစွာ အသုံးပြုတတ်ကြပါတယ်။ ဒါဟာလည်း Device ရဲ့စွမ်းဆောင်ရည်ကို ကျစေပါတယ်။ အသုံးပြုသူတော်တော်များဟာ မိမိ အသုံးပြုတဲ့ Application ဘယ်လို ပိတ်တယ်ဆိုတာ မသိတာပါပဲ။ အသုံးပြုသူများ ထင်နေတာက Home ခလုတ်ကို နှိပ်လိုက်တာပဲ။ တကယ်တော့ Application တစ်ခုကို ပိတ်လိုက်တာမဟုတ်ဘဲ ခဏတာမျှ ခေါက်သိမ်း(minimize) ထားလိုက်တာဖြစ်ပါတယ်။ ဒါဟာ multitasking system ပါ။
အဲဒီတော့ ကျွန်တော်တို့တွေဟာ ဖွင့်ထားတဲ့ Application တွေကို သတိရမပိတ်မိရင် ဖုန်းရဲ့ ဘက်ထရီကို စားစေပါတယ်။ ပြီးတော့ ဖုန်းရဲ့ CPU များစွာကို အသုံးပြုရတဲ့အတွက် ဖုန်းကိုလည်း နှေးစေပါတယ်။ ဒါကြောင့် မိမိအသုံးမပြုတော့ဘူးဆိုရင် Application တွေကို ပိတ်ထားသင့်ပါတယ်။
ပိတ်တော့မယ်ဆိုရင်တော့ Task Manager ကိုဖွင့်ရန် Home ခလုတ်ကို ၃ စက္ကန့်ခန့် ဖိနှိပ်ထားပါ။ ပြီးရင် ပွင့်လာတဲ့ Task Manager ထဲမှာ ပွင့်နေတဲ့ Application တွေကိုတွေ့ပါမယ်။ ပိတ်ချင်တယ်ဆိုရင် Application ကို ညာဖက်ကို ပွတ်ဆွဲလိုက်ပါ။ ဒီလိုနည်းနဲ့ Application တွေကို ပိတ်ထားမယ်ဆိုရင် ဖုန်းရဲ့ ဘက်ထရီနဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာပါ။

(၄) Application များကို Update လုပ်ပါ။
Android မှာ လက်ရှိအချိန်မှာ လူကြိုက်များတဲ့ OS တစ်ခုပါ။ ဒါကြောင့် OS, Application တို့ကို ပုံမှန် Update ပေးပါတယ်။ ဖုန်းရဲ့ ထုတ်လုပ်သူ ကွာသလို အသုံးပြုအတွက် ပိုမိုလွယ်ကူစေမယ့် User Interface ကလည်း ကွာခြားပါတယ်။ ထိုနည်းတူ သက်ဆိုင်ရာအလိုက် Update လုပ်ခွင့်တွေကိုလည်း နည်းပေါင်းစုံနဲ့ ပုံမှန် ပေးလာတာကို တွေ့ရပါတယ်။ အသုံးပြုသူ တော်တော်များများဟာ Update လုပ်တာ အချိန်ဖြုန်းတာ မလိုအပ်ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ထုတ်လုပ်သူတွေဟာ မိမိရဲ့ Application, OS ကို အသုံးပြုအတွက် ပိုမိုလွယ်ကူစေရန်သော်လည်းကောင်း၊ သူတို့ရဲ့ Application, OS ရဲ့အားနည်းချက် တွေကို ပြုပြင်ပေးရန်သော်လည်းကောင်း Update ပေးတတ်ကြပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ပုံမှန် Update လုပ်တာဟာ အကောင်းဆုံးပါ။

(၅) Synchronization လုပ်ခြင်းကို ရှောင်ကြဉ်ပါ။
အသုံးပြုသူတော်တော်များဟာ Synchronization ကို အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒီလို ပြုလုပ်ခြင်းဟာ ဖုန်းရဲ့ ဘက်ထရီနဲ့ စွမ်းဆောင်ရည်ကို ကျစေနိုင်တယ်ဆိုတာကို မသိကြပါဘူး။ Synchronization လုပ်ခြင်းဟာ စီးပွားရေးသမား (သို့မဟုတ်) တစ်နေ့တာမှာ အင်မတန်အလုပ်များတဲ့သူများအတွက် အသုံးပြုသင့်တဲ့ လုပ်ဆောင်ချက် တစ်ခုပါ။ သို့တည်းမဟုတ်ရင်တော့ သာမန်အသုံးပြုအနေနဲ့တော့ ပုံမှန်အားဖြင့် မိမိအသုံးပြုလေ့ရှိတဲ့ Application တွေဖြစ်တဲ့ Facebook, Twitter, Instagram စသည်တို့ကို Sync မလုပ်ဘဲ ပုံမှန်နည်းအားဖြင့် အသုံးပြုတာဟာ အကောင်းဆုံးနည်းပါ။ Auto-Synchronization ဟာ အသုံးပြုရဲ့ဖုန်းကို နှေးကွေးစေသလို စွမ်းဆောင်ရည်ကို ကျစေပါတယ်။ ဒါကြောင့် Synchronization ကို ပိတ်ထားပြီး ပုံမှန်နည်း အားဖြင့်သာ အသုံးပြုသင့်ပါတယ်။

(၆) Launchers Apps များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
ယခုဆိုရင် Google Play ပေါ်မှာ သင့်ရဲ့ ဖုန်းကို ပိုမိုလှပအောင် ရုပ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ တွေအားဖြင့် ပြုလုပ်ပေးထားတဲ့ Launcher တွေများစွာ ရှိလာပါပြီ။ ဒါပေမယ့် ဒါတွေဟာ အမြင်ပိုင်းကိုသာ လှပစေတာပါ။ တခြားတဖက် အသုံးပြုသူ မသိတဲ့ဖက်မှာတော့ ဒီ Launcher တွေကို အသုံးပြုခြင်းဟာ သင့်ဖုန်းရဲ့ RAM နဲ့ Battery ကို မြန်မြန်ကုန်ဆုံးစေပြီး Performace (စွမ်းဆောင်ရည်)ကို ကျဆင်းစေပါတယ်။
ဒါကြောင့် အကောင်းဆုံး အကြံပေးလိုတာကတော့ ဒီလို Launcher Apps တွေကို အသုံးမပြုတာ သင့်ဖုန်းကို ကြာရှည်ခံစေမှာပါ။

(၇) အခြား Browser များကို အသုံးပြုပါ။
အသုံးပြုသူများဟာ Android မှာ ပါလာတဲ့ Browser ကိုသာ အသုံးပြုလေ့ရှိပါတယ်။ တကယ်တော့ Google Play ပေါ်မှာ Android မှာ ပါလာတဲ့ Browser ထက် ပိုမို စွမ်းဆောင်လည်း ပိုမြင့်ပြီး ဖုန်းရဲ့ RAM ကို အသုံးပြုမှု နည်းတဲ့ Browser တွေများစွာ ရှိပါတယ်။ ဒါကြောင့် တခြား Browser (Chrome, Opera, UC Broser, etc) တွေကို အသုံးပြုခြင်းဟာ သင့်ဖုန်းရဲ့ RAM အသုံးပြုမှု၊ CPU ရဲ့စွမ်းဆောင်ရည်ကို ပိုမိုကြာရှည်ခံအောင် ထိန်းသိမ်းပေးနိုင်သလို အင်တာနက် အသုံးပြုရတာလည်း ပိုမိုမြန်ဆန်စေပါတယ်။

(၈) Cache Memory ကို ရှင်းလင်းပေးပါ။
[Cache Memory - မကြာမီတွင် ပြန်လည်အသုံးချရန် အတွက် မိုက်ခရိုပရို ဆက်ဆာက access လုပ်ထားသော data ၏ အခြားသော copy ကို ထိန်းသိမ်းရန် အတွက် အရန်အဖြစ် အသုံးပြုသော ယာယီမှတ်ဉာဏ် အစိတ် အပိုင်းဖြစ်သည်။]
Browsers တွေ၊ Apps တွေ၊ Games တွေဟာ သူတို့ သက်ဆိုင်တဲ့ Cache Memory တွေကို အသုံးပြုပါတယ်။ အဲဒီ Cache Memory တွေကို ပုံမှန် ရှင်းလင်းပေးမယ်ဆိုရင် သင့်ဖုန်းရဲ့ စွမ်းဆောင်မှုကို ပိုမို မြန်ဆန်စေပါတယ်။ ဒီလို Cache Memory ကို ရှင်းလင်းဖို့ Google Play မှာ ရှိတဲ့ "1Tap Cleaner" တို့လို App မျိုးကို အသုံးပြုသင့်ပါတယ်။

(၉) Animation လုပ်ဆောင်ချက်ကို ပိတ်ထားပါ။
ဒီလုပ်ဆောင်ချက်ဟာ Android Device တော်တော်များများဟာ ပါလာတတ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အသုံးမ၀င်လှဘဲ ဖုန်းဖွင့်ရာမှာသော်လည်းကောင်း၊ Application များကို ဖွင့်ရာမှာသော်လည်းကောင်း နှေးကွေး စေပါတယ်။ အထူးသဖြင့် Model နှိမ့်တဲ့ ဖုန်းတွေမှာ ပိုမိုဆိုးရွားစွာ နှေးကွေးစေပါမယ်။ Animation ကို ပိတ်မယ်ဆိုရင်တော့ Setting > Display > Animation ကို Off ထားလိုက်ရုံပါပဲ။

(၁၀) Restart လုပ်ပါ။
လူတိုင်း အိပ်သလိုပါပဲ ဖုန်းလည်းပဲ စက်ဖြစ်ပေမယ့် အနားယူဖို့ လိုအပ်ပါတယ်။ အနားယူတယ်ဆိုတာကတော့ လုံးဝ ပိတ်ပြစ်ဖို့ မဆိုလိုပါဘူး။ တစ်ပါတ်တစ်ခါသော်လည်းကောင်း၊ နှစ်ခါသော်လည်းကောင်း Restart လုပ်ပေးသင့်ပါတယ်။ သို့မှသာ ဖုန်း၏ လုပ်ဆောင်ချက်များကို မြန်ဆန်စေမှာပါ။

မူရင်းလင့်(How to Speed up Android Phone -10 Tips)
ဘာသာပြန် - မောင်မင်းသိန်း(ရန်ကုန်)

ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)

0 comments:

Post a Comment