Apple ကို ကမ္ဘကျော် နည်းပညာ လုပ်ငန်းစုကြီး ဖြစ်လာအောင် အဓိက
ဦးဆောင် ထူထောင်ခဲ့သည့် စတိဗ်ဂျော့ဘ်၏ လက်တွေ့ အကောင်အထည် မဖော်ဖြစ်ခဲ့သော
စီမံကိန်းကြီး တစ်ရပ်ကို Apple က ယခုအခါ ထုတ်ဖော် ပြသလာခဲ့ပြီ ဖြစ်သည်။ iPhone
နှင့် iPad တို့၏ ဖခင်ကြီးအဖြစ် တင်စားခံရသော ဂျော့ဘ်သည် စိတ်ကူးစိတ်သန်း
အလွန်ကောင်းမွန်စွာ ဖန်တီးထားသည့် Apple ဌာနချုပ်ကြီးတစ်ခု ဆောက်လုပ်ရန်
ရည်ရွယ်ခဲ့သော်လည်း လက်တွေ့ မဖြစ်မြောက်မီ ကွယ်လွန်ခဲ့ရှာသည်။ အမေရိကန်သား
တီထွင်မှု ပါရမီရှင်ကြီးသည် အချင်း (၁) မိုင်မျှ ကျယ်ဝန်းသည့် စက်ဝိုင်းပုံ
အဆောက်အအုံကြီး တစ်ခုကို အနုစိတ် ဒီဇိုင်းဖန်တီးကာ သစ်ပင်ပေါင်း (၇၀၀၀) ကျော်
ထည့်သွင်း စိုက်ပျိုးပြီး သဘာဝဆန်ဆန် စိမ်းစိုနေအောင် ရည်ရွယ်ထားခဲ့သည်။
ကြည်လင်သော ဖန်သားနံရံများ၊ အမိုးပေါ်တွင် အပြည့်တင်ဆင်ထားသည့် ဆိုလာပြားများ၊
သဘာဝဆန်ဆန် ပတ်ဝန်းကျင်မျိုး ဖြစ်တည်စေရန်အတွက် မြေအောက်လှိုဏ်ခေါင်းထဲ
နိမ့်ဆင်းဖောက်လုပ်ထားမည့် ကားဂိုဒေါင်များ အားလုံးသည် အခန်းတစ်ခုလုံးစာ
အကျယ်အဝန်းရှိ ပုံစံငယ်ထဲတွင် အသေးစိတ် ဖော်ပြထားသည်။ ယခုအခါ Apple က Spaceship ဟု
အမည်ပေးထားသည့် အဆိုပါ ပုံစံငယ်ကို အတည်ပြု ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်သည်။ (၂၀၁၁)
ခုနှစ်က ဂျော့ဘ်ဖန်တီးခဲ့သည့် အဆောက်အအုံ ဒီဇိုင်းကို အမှုဆောင်ချုပ်
ပီတာအိုပန်ဟိုင်မာနှင့် Apple ၏ အဆောက်အအုံဆိုင်ရာ အကြီးတန်း ဒါရိုက်တာ
ဒန်ဝင်ဆန်ဟော့တ်တို့က မိတ်ဆက်ပြသခဲ့သည်။
Apple သည် ယခုအခါ ဂျော့ဘ်၏ အိပ်မက်ကို
အကောင်အထည် ဖော်ရန်အတွက် စီမံကိန်း စတင်ခွင့်ကို ကယ်လိုဖိုးနီးယားရှိ ကူပါတီနို
မြို့တော်ကောင်စီနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။ ကူပါတီနိုတွင် ခမ်းနားသော
ဌာနချုပ်သစ် တည်ဆောက်ရေးသည် ဂျော့ဘ်၏ အကြီးကျယ်ဆုံး မျှော်လင့်ချက်တစ်ခုလည်း
ဖြစ်ခဲ့သည်။ ယခု အဆောက်အအုံ ဒီဇိုင်းကို ဂျော့ဘ်၏ စိတ်ကူးအတိုင်း Apple ၏
ဒီဇိုင်းပညာရှင် ဂျိုနီအိုင်ဗီနှင့် နာမည်ကျော် ဗိသုကာ ပညာရှင် ဆာနော်မန်
ဖော်စတာတို့က မွမ်းမံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆောက်အအုံသည် (၄) ထပ်ဖြစ်ပြီး
မြက်ခင်းပြင် ဖုံးလွှမ်းသည့် ဒိုးနတ်မုန့်ကြီးနှင့် တူကြောင်း ဆန်ဖရန်ဆစ္စကို
အပတ်စဉ်ထုတ် မဂ္ဂဇင်းက ခိုင်းနှိုင်းရေးသားခဲ့သည်။ ဂျော့ဘ်သည် နေစွမ်းအင်၊
သဘာဝဓာတ်ငွေ့တို့ကို စွမ်းအင်ကဏ္ဍအတွက် အဓိက မှီခိုရန် ရည်ရွယ်ခဲ့သလို ဌာနချုပ်
နေရာကို စိမ်းစိုသာယာသည့် ပတ်ဝန်းကျင်မျိုးအဖြစ် ပုံဖော်တည်ဆောက်ရန် အဓိက
ဦးတည်ထားသည်။ သဘာဝလေအေး အဝင်အထွက် စနစ်ကို အသားပေးထားသော အဆောက်အအုံတွင်
တစ်နှစ်တာ၏ (၇၀) ရာခိုင်နှုန်းမျှ အချိန်ကာလကို လေအေးပေးစက်များ အားမကိုးဘဲ
ဖြတ်သန်းနိုင်မည် ဖြစ်သည်။ အလင်းပေး စနစ်များတွင်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု
နည်းပါးသည့် LED မီးများကို အဓိက တပ်ဆင်သွားမည်ဟု သိရသည်။
ဝင်ဆန်ဟော့တ်က “ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လို အဆောက်အအုံနဲ့မဆို သဘာဝ ပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေတဲ့ စံနှုန်းနှိုင်းယှဉ်ချက်မှာ အသာစီးရမယ့် ဒီဇိုင်းမျိုး
ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ ဂျော့ဘ်သည် မော်တော်ကားများကို အဆောက်အအုံ
ဝင်းအတွင်းပင် ရပ်နားစေလိုဟန် မရှိဘဲ မြေအောက်ကားပါကင်နှင့် အထပ်မြင့်
ကားပါကင်များတွင် သိုဝှက်ထားစေကာ ပတ်ဝန်းကျင် စိမ်းလန်းမှုကို အလေးပေး
ချဉ်းကပ်ထားခဲ့သည်။ အဆောက်အအုံ၏ ဗဟိုချက်တွင်လည်း လှပထည်ဝါသော သစ်ကြီးဝါးကြီးများ
စိုက်ပျိုးရန် နေရာချထားသည်။ ထို့အပြင် လှပအေးချမ်းသည့် ရေကန်ငယ်လေး တစ်ခုလည်း
ပါရှိနေမည်ဟု သိရသည်။ “ကျွန်တော်တို့ အနေနဲ့ သစ်ခွမျိုးစိတ်တွေကို ပြန်သယ်ဆောင်လာပြီး
ဒီတောင်ကြားရပ်ဝန်းမှာ ပျံ့ပွားစေချင်ပါတယ်” ဟုလည်း ဆိုသည်။
Apple သည်
ရုံးဌာနချုပ် အဆောက်အအုံသစ် ဆောက်လုပ်ပြီးသည့်တိုင် ဝန်ထမ်း (၂၆၀၀) မျှ ဝင်ဆံ့သည့်
လက်ရှိ ရုံးခန်းကိုလည်း ဆက်လက် အသုံးပြုဖွယ် ရှိနေသည်။ Apple ၏ အမှုဆောင်များနှင့်
ကူပါတီနို မြို့တော်ကောင်စီတို့သည် ယင်းဌာနချုပ်သစ် ကိစ္စအတွက် ယနေ့ (အောက်တိုဘာ
၁၅) တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး အတည်ပြုမပြုကို နိုဝင်ဘာ (၁၉) ရက်နေ့၌
ဆုံးဖြတ်မည်ဟု သိရှိရသည်။
Ref & Credit to : Planet Myanmar News
0 comments:
Post a Comment