Computer Virus အကြောင်း တစေ့တစောင်း(၁)

ကွန်ပျူတာအသုံးပြုသူတွေကြားမှာ ကြောက်စရာအကောင်းဆုံးထဲက တစ်ခုကတော့ အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖျက်ဆီးဖို့ ရည်ရွယ်ရေးသားထားတဲ့ Computer Virus သို့မဟုတ် Program လေးတွေရဲ့ တိုက်ခိုက်မှုကို ခံရတာပါပဲ။ Virus ဆိုတာကတော့ အခြားအသုံးပြုသူ တစ်ဦး တစ်ယောက် ကနေ ကွန်ပျူတာကို ပျက်စီးစေဖို့ ဖျက်ဆီးဖို့နဲ့ ကွန်ပျူတာတစ်လုံးဆီကနေ အခြားကွန်ပျူတာတွေ ဆီကို သူအလိုအလျောက် ပြန့်နှံ့သွားပြီး ထိုနည်းအတိုင်း ဆက်လက်ဖျက်ဆီးစေဖို့ စသည့် ရည်ရွယ်ချက်တွေနဲ့ ရေးသားထားတဲ့ Program တစ်ခုပါ။

Virus တစ်ခုကို ဖန်တီးပြီးလို့ ဖြန့်ဝေတော့မယ်ဆိုရင်တော့ shareware, pirated software, အီးမေး၊ P2P programs, ဒါမှမဟုတ် အခြား programs အထူးသဖြင့် အသုံးပြုသူတွေ data တွေကို sharing လုပ်လေ့ရှိတဲ့နေရာ၊ နည်းလမ်းတွေကို အသုံးပြုတတ်ကြပါတယ်။

Computer Virus ကို ပထမဆုံး ရေးသားခဲ့သူက ၁၉၈၂ ခုနှစ်မှာ ၁၅ နှစ်သား အထက်တန်း ကျောင်းသားတစ်ဦးဖြစ်သူ Rich Skrenta ဆိုသူ ဖြစ်ပါတယ်။ The Elk Cloner လို့ခေါ်တဲ့ အဲဒီ Virus ဟာ ကွန်ပျူတာထဲကို ထည့်လာတဲ့ Floppy Disk ကို သူ့အလိုအလျောက် ကူးစက်ပြန့်နှံ့သွားတဲ့ Virus အမျိုးအစားဖြစ်ပါတယ်။ အဲဒီတော့ Floppy Diskette ထဲ ၀င်သွားရင် အဲဒီ diskette ကို သုံးတဲ့ စက်တိုင်းကို ပြန့်နှံ့ ထိခိုက်သွားအောင် ရည်ရွယ်ရေးသားထားတာပါ။ သူ့ရဲ့ရည်ရွယ်ချက်ကလည်း ရိုးရှင်းပါတယ်။ အဲဒီ Virus ၀င်ထားတဲ့စက်ဟာ အကြိမ် ၅၀ မြောက် Computer ကို boot လုပ်တိုင်းမှာ ကဗျာတိုလေးတစ်ပုဒ် ပေါ်လာစေဖို့ပါတဲ့။

အသုံးပြုသူများအနေနဲ့လည်း အဲဒီ viruses, malware နဲ့ အခြား ကွန်ပျူတာဆိုင်ရာ လုံခြုံရေး တိုက်ခိုက်ခြိမ်းခြောက်မှုတွေရဲ့ ရန်ကို Antivirus လိုခေါ်တဲ့ ကာကွယ်တဲ့ program လေးတွေနဲ့ ကာကွယ်ထားနိုင်ပါတယ်။

ကွန်ပျူတာဗိုင်းရပ်(စ်)တွေကို ဘယ်နည်းနဲ့ပြန့်နှံ့စေသနည်း။
ဟိုးအရင်တုန်းကတော့ အသုံးပြုသူတွေ Data တွေကို sharing လုပ်ရာမှာ အသုံးပြုများတဲ့ Floppy Diskette တွေကနေ တဆင့် ပြန့်နှံ့လေ့ရှိပါတယ်။ ဒီဘက်ခေတ်မှာတော့ အင်တာနက် အသုံးပြုမှု/အသုံးပြုသူ များပြားလာသည်နှင့်အမျှ အီးမေးတွေကနေတဆင့် သော်လည်းကောင်း၊ Software တွေ တခြား data တွေကို download ဆွဲရာကနေ တဆင့် သော်လည်းကောင်း ပြန့်နှံ့စေပါတယ်။

ဗိုင်းရပ်(စ်)တို့ရဲ့ဂုဏ်သတ္တိများ
အောက်မှာ ဖော်ပြထားတဲ့အချက်တွေဟာ ကွန်ပျူတာဗိုင်းရပ်(စ်)တွေရဲ့ ဖြစ်ပေါ်စေနိုင်တဲ့ (ပျက်စီးစေနိုင်တဲ့) စွမ်းဆောင်ရည် ဂုဏ်သတ္တိတွေပါဗျာ။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ အဲဒီအားလုံးအတိုင်း ဖြစ်လိမ့်မယ်လို့တော့ မဆိုချင်ပါဘူး။ တစ်နည်းမဟုတ် တစ်နည်းတော့ ထိခိုက်စေနိုင်စွမ်း ရှိပါလိမ့်မယ်။

က) သင့်ရဲ့ကွန်ပျူတာထဲကို ဖိုင်တစ်ခု copy ကူးလိုက်ရုံနဲ့လည်း ကူးစက်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အချို့ဗိုင်းရပ်(စ်)တွေဟာ memory resident အမျိုးအစားတွေပါ။ diskette သို့မဟုတ် program တစ်ခုကို memory ထဲ ထည့်လိုက်တာနဲ့ ဗိုင်းရပ်(စ်)ကလည်း အဲဒီ memory နောက်ကို ကပ်လျှက် ပါသွားပါတယ်။ ပြီးတာနဲ့ သင် အသုံးပြုတဲ့ ဖိုင်တိုင်းကို ထိခိုက်ပျက်စီးစေတော့တာပါပဲ။

ခ) ရုပ်သွင်ကူးပြောင်းနိုင်စွမ်းရှိတယ်။
အချို့ ဗိုင်းရပ်(စ်)တွေက သူတို့ရဲ့ code တွေကို ပြုပြင်နိုင်စွမ်းရှိတယ်။ ဆိုလိုတာကတော့ ဗိုင်းရပ်(စ်)တစ်ကောင်က သူ့ရဲ့ပုံစံတူ အမျိုးမျိုးကို ပွားများဖန်တီးနိုင်စွမ်းရှိတယ်။ အထူးသဖြင့် အီးမေးဗိုင်းရပ်လိုဟာမျိုးတွေပေါ့။ အီးမေးရဲ့ body သို့မဟုတ် subject ကို သူ့အလိုအလျောက် ပြောင်းပလိုက်တာမျိုးကို ဆိုလိုတာပါ။

ဂ) memory သို့မဟုတ် non-memory resident ဖြစ်နိုင်ပါတယ်။
အပေါ်က ပြောခဲ့သလိုမျိုးပါ။ memory ထဲကို file သို့မဟုတ် data ထည့်လိုက်တာနဲ့ ကူးတာကို memory resident ပါ။ ဒါမှမဟုတ် အဲဒီ ဗိုင်းရပ်(စ်)ပါတဲ့ ဖိုင်ကို ဖွင့်တဲ့အခါမှသာ ကူးတာကိုတော့ non-memory resident ပေါ့။

ဃ) ခိုးကြောင်ခိုးဝှက်လည်း နေနိုင်တယ်။
အဲဒီ ဗိုင်းရပ်(စ်)အမျိုးအစားတွေဟာ ပထမတော့ ကွန်ပျူတာထဲမှာ ဖိုင်ကို ထိခိုက်မယ်။ ပြီးတော့မှ ကွန်ပျူတာကို ထိခိုက်ပြီး အထပ်ထပ်အခါခါ ပြန့်နှံ့စေတဲ့ ဗိုင်းရပ်(စ်)မျိုးကို ဆိုလိုတာပါ။

င) အခြားဗိုင်းရပ်(စ်)တွေကိုပါ သယ်ဆောင်ပေးနိုင်စွမ်းတဲ့ဗိုင်းရပ်(စ်)။
ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်(စ်)ဆိုတာ program တစ်ခုပါပဲ။ အဲဒီတော့ အခြား ဗိုင်းရပ်(စ်)တွေကို သယ်လာပေးမယ်။ အဲဒီတော့ ဗိုင်းရပ်(စ်)လေးတွေကို သေးငယ်သွားစေမယ်။ အဓိက သက်ရောက်ပြန့်နှံ့မယ့် ဗိုင်းရပ်(စ်)ကို ဖုံးကွယ်ထားပေးပြီး ပြီးတော့မှ ကွန်ပျူတာရဲ့ အဓိက အပိုင်းကို ထိခိုက်အောင် တိုက်ခိုက်စေမယ့် သဘောပါ။

စ) ကွန်ပျူတာမှာ ဘာလက္ခဏာမှာ မပေါ်အောင် ဖုန်းကွယ်နိုင်စွမ်းရှိတယ်။
တချို့သော ဗိုင်းရပ်(စ်)တွေဟာ အသုံးပြုသူက အဲဒီ ဗိုင်းရပ်(စ်)ပါလာတဲ့ ဖိုင်ကို ပြုပြင်လိုက်မယ်ဆိုရင် အဲဒီဝင်ရောက်နေတဲ့ ဗိုင်းရပ်(စ်)ကို detect လုပ်ဖို့ ခက်ခဲသွားလောက် ဖုန်းကွယ်နိုင်စွမ်းရှိတတ်ပါတယ်။

ဆ) ကွန်ပျူတာကို format ချလိုက်တာတောင်မှ အသက်ရှင်နေနိုင်သေးတဲ့ ဗိုင်းရပ်(စ်)
တချို့ဗိုင်းရပ်(စ်)တွေဟာ Computer ရဲ့ သီးခြားနေရာဖြစ်တဲ့ CMOS battery တို့ master boot record နေရာမျိုးတွေကို ထိခိုက်စေနိုင်စွမ်းပါတယ်။ အဲဒီတော့ ကွန်ပျူတာတစ်ခုလုံးကို လုံးဝ erase လုပ်ပလိုက်တာတောင်မှ အဲဒီဗိုင်းရပ်(စ်)က ဆက်လက် တည်ရှိနေပြီး ကွန်ပျူတာ ပြန်တက်လာနဲ့ ပြန်လည် ထိခိုက်စေနိုင်စွမ်းတဲ့ ဗိုင်းရပ်(စ်)မျိုးကို ဆိုလိုတာပါ။

ဆက်လက်ဖော်ပြပါဦးမည်။

ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)

0 comments:

Post a Comment